Translated from The Original Tongues by Rev. A. Judson, D.D.

ကမ္ဘာဦးကျမ်း ၁

၁အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။ ၂မြေကြီးသည်အဆင်းသဏ္ဍာန်မရှိ၊ လွတ်လပ်လ ဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏။

၃ဘုရားသခင်ကလည်း လင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ ၄ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်၍၊ အလင်းနှင့် မှောင်မိုက်ကိုပိုင်ခြားခွဲထားတော်မူ၏။ ၅အလင်းကို နေ့ဟူသောအမည်ဖြင့်၎င်း၊ မှောင်မိုက်ကို ညဉ့်ဟူသောအမည်ဖြင့်၎င်း၊ ခေါ်ဝေါ်သမုတ် တော်မူ၍ ညဦးနှင့် နံနက်သည် ပဌမနေ့ရက်ဖြစ်လေ၏။

၆တဖန်ဘုရားသခင်က ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့်ရေချင်းခြားနားစေဟု အမိန့်တော်ရှိသဖြင့်၊ ၇မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက်အောက်၌ရှိသောရေနှင့်၊ မိုဃ်းမျက်နှာကြက်အပေါ်၌ရှိသောရေကို ပိုင်းခြားတော်မူသည်အတိုင်းဖြစ်လေ၏။ ၈မိုဃ်းမျက်နှာကြက်ကိုလည်း မိုဃ်းကောင်းကင်ဟူသောအမည်ဖြင့် ဘုရားသခင်ခေါ်ဝေါ် သမုတ်တော် မူ၍၊ ညဦးနှင့် နံနက်သည် ဒုတိယနေ့ရက်ဖြစ်လေ၏။

၉တဖန်ဘုရားသခင်က မိုဃ်းကောင်းကင်အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေဟု အမိန့်တော် ရှိသည်အတိုင်း ဖြစ်လေ၏။ ၁၀ကုန်းကိုမြေဟူသော အမည်ဖြင့်၎င်း၊ ရေစုဝေးရာကို ပင်လယ်ဟူသောအမည်ဖြင့်၎င်း၊ ဘုရားသခင် ခေါ်ဝေါ်သမုတ်တော်မူ၍ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။

၁၁တဖန် ဘုရားသခင်က၊ မြေသည် မြက်ပင်ကို၎င်း၊ စပါးသီးကို ဖြစ်စေသော စပါးပင်ကို၎င်း၊ မြေပေါ် မှာ မျိုးစေ့ပါလျက် သစ်သီးမျိုးကို ဖြစ်စေသော သစ်ပင်ကို၎င်း၊ ပေါက်စေဟု အမိန့်တော်ရှိသည် အတိုင်း ဖြစ်လေ၏။ ၁၂မြေသည်မြက်ပင်ကို၎င်း စပါးသီးမျိုးကို ဖြစ်စေသော စပါးပင်ကို၎င်း၊ မိမိ၌ မျိုးစေ့ပါလျက် သစ်သီးမျိုး ကို ဖြစ်စေသော သစ်ပင်ကို၎င်း ပေါက်စေ၏။ ၁၃ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၍၊ ညဦးနှင့် နံနက်သည် တတိယနေ့ရက် ဖြစ်လေ၏။

၁၄တဖန်ဘုရားသခင်က၊ နေ့နှင့်ညဉ့်ကို ပိုင်းခြားစေခြင်းငှါ မိုဃ်းကောင်းကင်မျက်နှာကြက်၌ အလင်းအိမ် တည်စေ၊ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက် အပိုင်းအခြား၊ နှစ်အပိုင်းအခြားဘို့ဖြစ်စေ။ ၁၅မိုဃ်းကောင်းကင် မျက်နှာကြက်၌တည်၍ မြေကြီးလင်းစရာ အလင်းအိမ်ဖြစ်စေဟု အမိန့်တော်ရှိ သည့်အတိုင်းဖြစ်လေ၏။

၁၆ထိုသို့ ဘုရားသခင်သည် အလင်းအိမ်ကြီး နှစ်လုံးတည်းဟူသော နေ့ကိုအုပ်စိုးရသော အကြီးတလုံး၊ ညဉ့်ကို အုပ်စိုးရသော အငယ်တလုံးနှင့်တကွ ကြယ်များတို့ကို ဖန်ဆင်းတော်မူပြီးလျှင်၊ ၁၇မြေကြီး၌ လင်းစေခြင်းငှာ၎င်း၊ နေ့နှင်ညဉ့်ကို အုပ်စိုး၍ အလင်းနှင့်မှောင်မိုက်ကို ပိုင်းခြားစေခြင်းငှာ ၎င်း၊ မိုဃ်းကောင်းကင် မျက်နှာကြက်၌ ဘုရားသခင် ထားတော်မူ၏။ ၁၈ထိုအမှုအရာ ကောင်းသည်ကို ဘုရား သခင်မြင်တော်မူ၍၊ ၁၉ညဦးနှင့် နံနက်သည် စတုတ္ထနေ့ရက် ဖြစ်လေ၏။

၂၀တဖန်ဘုရားသခင်က အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည်များပြားစွာ မွေးဘွား စေ။ ငှက်တို့လည်း မြေပေါ် မိုဃ်းကောင်းကင်မျက်နှာကြက်ပြင်ဝယ်ပျံစေဟု အမိန့်တော်ရှိ၏။ ၂၁ထိုသို့လျှင်ရေသည် တိရစ္ဆာန်အမျိုးအလိုက် များပြားစွာ မွေးသွား၍၊ ငါးကြီးအစရှိသော အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ ပျံတက်သော ငှက်မျိုးအပေါင်းတို့ကို၎င်း ဘုရားသခင်ဖန် ဆင်း၍၊ ထိုအမူအရာကောင်းသည်ကို မြင်တော်မူ၏။ ၂၂ဘုရားသခင်ကလည်း များပြားစွာ မွေးဘွားကြလော့။ ပင်လယ်ရေများကို ပြည့်စေကြလော့။ ငှက်တို့ လည်း မြေပေါ်၌ များပြားစေသတည်းဟု ထိုတိရစ္ဆာန်တို့ကို ကောင်းကြီးပေးတော်မူ၍၊ ၂၃ညဦးနှင့်နံနက်သည် ပဉ္စမနေ့ရက်ဖြစ်လေ၏။

၂၄တဖန်ဘုရားသခင်က၊ မြေသည် အသက်ရှင်သောသတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကို၎င်း၊ တွားတတ်သော တိရစ္ဆာန်တို့ကို၎င်း၊ သားရဲမျိုးတို့ကို၎င်း၊ မွေးဘွားစေဟုအမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။ ၂၅ထိုသို့ ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုး အပေါင်း တို့ကို ဖန်ဆင်း၍၊ ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။

၂၆တဖန်ဘုရားသခင်က ငါတို့ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊ သားယဉ်တို့ကို၎င်း၊ မြေတပြင်လုံးနှင့်တကွ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ အုပ်စိုးစေဟု အမိန့်တော်ရှိ၏။ ၂၇ထိုသို့ဘုရားသခင်သည် မိမိပုံသဏ္ဍန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဍာန် တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကိုဖန်ဆင်းပြီးလျှင်၊ ၂၈အချင်းတို့ များပြားစွာမွေးဘွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးကြလော့ဟုမိန့်တော်မူ၍၊ သူတို့ကိုကောင်းကြီးပေးတော်မူ၏။

၂၉ဘုရားသခင်ကလည်း ကြည့်ရှုလော့။ မြေတပြင်လုံး၌ စပါးသီးကို ဖြစ်စေသော စပါးပင်အမျိုးမျိုးတို့ကို ၎င်း၊ မျိုးစေ့ကိုဖြစ်စေသော အသီးနှင့်ပြည့်စုံသော သစ်ပင် အမျိုးမျိုးတို့ကို၎င်း၊ သင်တို့ စားစရာဘို့ ငါပေး၏။ ၃၀မြေသား၊ မိုဃ်းကောင်းကင်ငှက်၊ အသက်ရှင်၍မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုးအပေါင်းတို့ စားစရာဘို့၊ မြက်ပင်အမျိုးမျိုးတို့ကို ငါပေးမည်ဟု မိန့်တော်မူသည်အတိုင်းဖြစ်လေ၏။ ၃၁ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကို ကြည့်ရှုလျှင်၊ အလွန်ကောင်းသည်ကို မြင်တော်မူ၍၊ ညဦးနှင့် နံနက်သည် ဆဌမနေ့ရက်ဖြစ်လေ၏။

ကမ္ဘာဦးကျမ်း ၂

၁ထိုသို့ ကောင်းကင်မြေကြီးနှင့်တကွ ခပ်သိမ်းသော တန်ဆာတို့သည် ပြီးစီးလျက်ရှိကြ၏။ ၂သတ္တမနေ့ရက်ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည် ဖြစ်၍၊ ဖန်ဆင်းသမျှသော အမူအရာတို့သည် ပြီးစီးပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ၃ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။ အကြောင်းမူကား၊ ဖန်ဆင်းပြုပြင်တော်မူသော ထိုအမူအရာအလုံးစုံတို့သည် ပြီးစီးသောကြောင့် ထိုနေ့ရက်၌ ငြိမ်ဝပ်စွာနေ တော်မူ၏။

၄ဤအကြောင်းအရာကား၊ ထာဝရအရှင်ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ သောနေ့၊ ဖန်ဆင်းရာကာလ၌ကောင်းကင်နှင့်မြေကြီး၏ မူလအတ္ထုပတ္တိပေတည်း။ ၅မြေ၌ လယ်ယာပျိုးပင်မပေါက်မှီ၊ လယ်ယာ၌ စပါးပင်မကြီးပွားမှီ၊ အပင်ရှိသမျှတို့ကိုဖန်ဆင်းတော်မူ၏။ ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် မြေပေါ်၌ မိုဃ်းကိုရွာစေတော်မမူသေး။ မြေ၌လုပ်သော လူလည်း မရှိသေးသည်ဖြစ်၍၊ ၆မြေမှအခိုးအငွေ့ထွက်သဖြင့် မြေတပြင်လုံးကို စိုစေလေ၏။

၇ထိုနောက်၊ ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကို ဖန်ဆင်း၍၊ သူ၏နှာခေါင်းထဲသို့ ဇိဝအသက်ကို မှုတ်တော်မူလျှင်၊ လူသည် အသက်ရှင်သော သတ္တဝါဖြစ်လေ၏။

၈ထာဝရအရှင် ဘုရားသခင်သည်လည်း အရှေ့မျက်နှာ၊ ဧဒင်အရပ်၌ဥယျာဉ်ကို စိုက်ပျိုးပြီးလျှင်၊ ဖန်ဆင်းတော်မူသောလူကို ထိုဥယျာဉ်၌ နေရာချတော်မူ၏။ ၉ထိုမြေထဲက အဆင်းလှ၍၊ စားဘွယ်ကောင်းသော အပင်အမျိုးမျိုးကို ထာဝရအရှင်ဘုရားသခင် ပေါက်စေတော်မူ၏။ ထိုဥယျာဉ်အလယ်၌ အသက်ပင်လည်းရှိ၏။ ကောင်းမကောင်းကို သိကျွမ်းရာအပင် လည်းရှိ၏။

၁၀ထိုဥယျာဉ်ကို စိုစေလိုသောငှာ မြစ်တမြစ်သည် ဧဒင်အရပ်ထဲကစီးထွက်သဖြင့်၊ ဥယျာဉ်ပြင်မှာ လေးဖြာကွဲ၍ မြစ်မလေးသွယ်ဖြစ်လေ၏။ ၁၁ပဌမမြစ်ကား ဖိရုန်အမည်ရှိ၏။ ထိုမြစ်သည် ရွှေရှိသော ဟာဝိလပြည်နား တရှောက်လုံးကို စီးသွား လေ၏။ ၁၂ထိုပြည်မှဖြစ်သောရွှေသည် ကောင်းလှ၏။ ၁၃ဗဓေလသစ်စေးနှင့် ရှဟံကျောက်လည်းရှိ၏။ ဒုတိယမြစ်ကား ဂိဟုန်အမည်ရှိ၏။ ထိုမြင်သည် ကုရှပြည် နား တရှောက်လုံးကို စီးသွားလေ၏။ ၁၄တတိယမြစ်ကား ဟိဒကေလအမည်ရှိ၏။ ထိုမြစ်သည် အာရှုရိတိုင်း အရှေ့သို့ စီးသွားလေ၏။ စတုတ္ထမြစ်ကား ဥဖရတ်အမည်ရှိ၏။ ၁၅ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်ရှောက်စေခြင်းငှါ ထားတော်မူ၏။ ၁၆ထာဝရအရှင်ဘုရားသခင်ကလည်း၊ ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတပါး၊ ထိုဥယျာဉ်၌ ရှိသမျှသော အပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။ ၁၇ထိုအပင်၏ အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကို ပညက် ထားတော်မူ၏။

၁၈ထာဝရအရှင်ဘုရားသခင်ကလည်း၊ ယောက်ျားသည် တယောက်တည်းမနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူဘို့ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏။ ၁၉ထာဝရရှင်ဘုရားသခင်သည် မြေတိရစ္ဆာန်တို့နှင့်၊ မိုဃ်းကောင်းကင်ငှက်အပေါင်းတို့ကို မြေဖြင့်ဖန်ဆင်း တော်မူပြီးလျှင်၊ လူသည် အဘယ်သို့ခေါ်ဝေါ်သမုတ်မည်ကို သိခြင်းငှာ၊ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။ လူသည် လည်း အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ခေါ်ဝေါ် သမုတ်သည့်အတိုင်း၊ နာမည်အသီးအသီးရှိကြ၏။ ၂၀ထိုသို့လူသည် သားယဉ်အပေါင်းတို့ကို၎င်း၊ မိုဃ်းကောင်းကင် ငှက်အပေါင်းတို့ကို၎င်း၊ မိုဃ်းကောင်း ကင်ငှက်အပေါင်းတို့ကို၎င်း၊ သားရဲအပေါင်းတို့ကို၎င်း၊ အမည်ပေး၍မှည့်လေ၏။ သို့သော်လည်း လူနှင့်တော် သော အထောက်အမ မပေါ်မရှိသေး၊

၂၁ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကို ကြီးသောအိပ်ခြင်းဖြင့် အိပ်စေတော်မူ၍၊ လူသည် အိပ်ပျော်စဉ်၊ နံရိုးတချောင်းကို ဘုရားသခင်ထုတ်ပြီးလျှင်၊ ထိုအရိုးအစားအသားကို စေ့စပ်စေတော်မူ၏။ ၂၂ထာဝရအရှင်ဘုရားသခင်သည် လူထဲကထုတ်သော နံရိုးဖြင့် လူမိန်းမကိုဖန်ဆင်း၍လူရှိရာသို့ ဆောင်ခဲ့ တော်မူ၏။ ၂၃လူကလည်း၊ ယခု ဤသူသည်ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲက အသားဖြစ်၏။ လူထဲက ထုတ်သော ကြောင့် သူ့ကိုလူမိန်းမဟု ခေါ်ဝေါ်အပ်သည်ဟု ဆိုလေ၏။ ၂၄ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကို စွန့်၍၊ ကိုယ့်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူတို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်။ ၂၅ထိုသူလင်မယားနှစ်ဦးတို့သည် အဝတ်မဝတ်ဘဲ နေ၍၊ ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ကြ၏။

ကမ္ဘာဦးကျမ်း ၃

၁မြွေသည် ထာဝရအရှင်ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်သကာတို့ထက် လိမ္မာသည် ဖြစ်၍၊ မိန်းမအား သင်တို့သည် ဥယျာဉ်၌ရှိသမျှသောအပင်တို့၏ အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရား သခင်မိန့်တော်မူသလောဟု မေး၏။ ၂မိန်းမကလည်း၊ ငါတို့သည် ဥယျာဉ်ရှိသော အပင်တို့၏ အသီးကိုစားရသော အခွင့်ရှိ၏။ ၃ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား၊ သင်တို့သည် မကိုင်မစားပဲ နေကြလော့၊ သို့မဟုတ် သေမည်ဟု ဘုရားသခင် အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။ ၄မြွေကလည်း သင်တို့သည် ဧကန်အမှန် သေရမည်မဟုတ်၊ ၅အကြောင်းမူကား၊ ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကို သိ၍၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြ လတံ့သည်ကို၊ ဘုရားသခင်သိတော်မူသည်ဟု မိန်းမအားဆို၏။ ၆ထိုအပင်သည် စားဘွယ်ကောင်းခြင်း၊ အဆင်းလည်းလှခြင်း၊ ပညာတိုးပွားစေလိုသောငှါ၊ နှစ်သက် ဖွယ်သော အပင်ဖြစ်ခြင်းကို မိန်းမသည် မြင်လျှင်၊ အသီးကို ယူ၍စား၏။ မိမိခင်ပွန်းအားလည်း ပေး၍ သူသည်လည်း စား၏။ ၇ထိုသူနှစ်ယောက်တို့သည် မျက်စိပွင့်လင်း၍ မိမိတို့၌ အဝတ်အချည်းစည်းရှိသည်ကို သိမြင်လျှင်၊ မိမိတို့ ဝတ်ရန်ဖို့ သင်္ဘောသဖန်းပင်အရွက်တို့ကို ချုပ်စပ်၍ ခါးစည်းကိုလုပ်ကြ၏။

၈နေဧသောအချိန်တွင်၊ ထိုဥယျာဉ်၌ ထာဝရအရှင်ဘုရားသခင် ကြွတော်မူသောအသံကို လုလင်မယားတို့သည် ကြားလျှင်၊ အထံတော်မှ လွတ်ခြင်းငှါ၊ ဥယျာဉ်အပင် တို့တွင် ပုန်းကွယ်လျက် နေကြ၏။ ၉ထာဝရအရှင် ဘုရားသခင်ကလည်း၊ သင်သည် အဘယ်မှာရှိသနည်းဟု၊ လူကိုခေါ်တော်မူ၏။ ၁၀လူကလည်း ဥယျာဉ်၌ကိုယ်တော်၏ အသံကို ကျွန်တော်ကြားလျှင်၊ အဝတ်အချည်းစည်းရှိသောကြောင့်၊ ကြောက်၍ပုန်းလျက်နေပါသည်ဟု လျှောက်လေ၏။ ၁၁ဘုရားသခင်ကလည်း၊ သင်၌ အဝတ်အချည်းစည်းရှိသည်ကို သင်အားအဘယ်သူပြောသနည်း။ မစားရဟု ငါပညတ်သော အပင်၏အသီးကို စားပြီလောဟု မေးတော်မူ၏။ ၁၂လူကလည်း ကျွန်တော်၌ အပ်ပေးတော်မူသော မိန်းမသည် ထိုအပင်၏အသီးကိုပေး၍ ကျွန်တော်စားမိပါသည်ဟု လျှောက်လေ၏။ ၁၃ထာဝရအရှင်ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ပြုပြီးသနည်းဟု မိန်းမအားမေးတော်မူလျှင်၊ မိန်းမက မြွေသည် ကျွန်တော်မကို လှည့်စား၍၊ ကျွန်တော်မသည်စားမိပါပြီဟု လျှောက်လေ၏။

၁၄ထာဝရအရှင်ဘုရားသခင်သည် မြွေကိုခေါ်၍ သင်သည် ဤအမှုကို ပြုသောကြောင့် သားယဉ်သားရဲ အပေါင်းတို့ထက် ကျိန်ခြင်းကို ခံရ၏။ သင်သည် ဝမ်းဖြင့် သွား၍ မြေမှုန့်ကို တသက်လုံးစားရမည်။ ၁၅သင်နှင့်မိန်းမကို၎င်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏ အမျိုးအနွယ်ကို၎င်း၊ ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။

၁၆မိန်းမကိုလည်း၊ သင်၌ကိုယ်ဝန်ဆောင်ခြင်း ဝေဒနာကို ငါအလွန်များပြားစေရမည်။ ပင်ပန်းစွာ ဝေဒနာကို ခံ၍သားဘွားရမည်။ ကိုယ်ခင်ပွန်း၏ အလိုသို့လိုက်၍ သူ၏အုပ်စိုးခြင်းကိုလည်း ခံရမည်ဟု မိန့် တော်မူ၏။ ၁၇ယောက်ျားကိုလည်း၊ ထိုအပင်၏အသီးကို မစားရဟု ငါပညတ်သော်လည်း၊ သင်သည်မယား၏ စကားကိုနားထောင်၍ စားမိသောကြောင့်၊ မြေသည် သင်၏အတွက် ကျိန်ခြင်းကို ခံလျက်ရှိ၏။ မြေ၏အသီးကို တသက်ပတ်လုံးပင်ပန်းစွာ စားရမည်။ ၁၈ဆူးပင်အမျိုးမျိုးတို့ကိုလည်း သင်အဖို့ မြေပေါက်စေမည်။ လယ်၌ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင် စားရမည်။ ၁၉သင်ထွက်ရာမြေသို့မပြန်မှီတိုင်အောင်၊ သင်၏ မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား၊ သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ၏။

၂၀ထိုအခါလူသည် မိမိမယားကို ဧဝအမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ သူသည် အသက်ရှင် သော သူအပေါင်းတို့၏ အမိဖြစ်သတည်း။

၂၁ထာဝရအရှင် ဘုရားသခင်သည်လည်း လူလင် မယားတို့ သားရေဖြင့် ပတ်လုံကိုလုပ်၍ ဝတ်ခြုံစေတော် မူ၏။

၂၂ထာဝရအရှင်ဘုရားသခင်ကလည်း၊ လူသည် ငါတို့တွင် တပါးပါးကဲ့သို့ဖြစ်၍၊ ကောင်းမကောင်း သိတတ်၏။ ယခုမှာ သူသည် ထာဝရအသက်ကို ရခြင်းငှါ၊ လက်ကိုဆန့်လျက် အသက်ပင်၏အသီးကို ယူ၍ မစားသင့်ဟု မိန့်တော်မူ၏။ ၂၃လူသည် မိမိထွက်သော မြေ၌ လုပ်ရမည်အကြောင်း၊ ထာဝရအရှင်ဘုရားသခင်သည် ဧဒင် ဥယျာဉ်ထဲက လွှတ်လိုက်တော်မူ၏။ ၂၄ထိုသို့လူကို နှင်ထုတ်ပြီးလျှင်၊ အသက်ပင်လမ်းကို စောင့်ရှောက်စေခြင်းငှါ၊ မီးစင်လက်နက်နှင့်တကွ ခေရုဗိမ်တို့ကို ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။

ကမ္ဘာဦးကျမ်း ၄

၁ထိုနောက်၊ လူအာဒံသည် မယားဧဝနှင့်ဆက်ဆံသဖြင့်၊ ဧဝသည် ပဋိသန္ဓေစွဲယူ၍၊ ကာဣနကို ဘွားမြင် လျှင်၊ ထာဝရဘုရား၏ လူကို ငါရပြီဟုဆိုလေ၏။ ၂တဖန်သူ့ညီ အာဗေလေကို ဘွားမြင်လေ၏။ အာဗေလကား သိုးထိန်းဖြစ်၏။ ကာဣနကားလယ်လုပ် သောသူဖြစ်၏။ ၃အချိန်စေ့သောအခါ၊ ကာဣနသည် ထာဝရဘုရားထံ ပူဇော်သက္ကာဘို့၊ မြေအသီးကို ဆောင်ခဲ့၏။ ၄အာဗေလသည်လည်း မိမိသိုးစုတွင် အဦးဘွားသော သားအချို့နှင့်၊ သိုးဆီဥကိုဆောင်ခဲ့၏။ ထာဝရ ဘုရားသည် အာဗေလနှင့် သူ၏ပူဇော်သက္ကာကို ပမာဏ ပြုတော်မူ၏။ ၅ကာဣနနှင့်သူ၏ ပူဇော်သက္ကာကို ပမာဏ ပြုတော်မမူ၊ ထိုကြောင့် ကာဣနသည် အလွန်စိတ်ဆိုး၍ မျက်နှာပျက်လေ၏။ ၆ထာဝရဘုရားကလည်း သင်သည် အဘယ်ကြောင့် စိတ်ဆိုးသနည်း။ အဘယ်ကြောင့် မျက်နှာပျက် သနည်း။ ၇သင်သည် ကောင်းမွန်စွာ ပြုလုပ်အခွင့်မရလော။ ကောင်းမွန်စွာ မပြုလျှင်၊ အပြစ်ဖြေသော ယဇ် ကောင်သည်တံခါးနားမှာ ဝပ်လျက်ရှိ၏။ သူသည် သင်၏ အလိုသို့လိုက်၍၊ သင်သည် သူ့ကို အုပ်စိုးရ၏ဟု ကာဣနကိုမိန့်တော်မူ၏။

၈ကာဣနကလည်း လယ်သို့ သွားကြကုန်အံ့ဟု ညီအာဗေလကိုခေါ်၍၊ လယ်သို့ရောက်သောအခါ၊ ညီ အာဗေလကိုရန်ဘက်ပြု၍ သတ်လေ၏။ ၉ထာဝရဘုရားကလည်း သင့်ညီ အာဗေလသည် အဘယ်မှာရှိသနည်းဟု ကာဣနကို မေးတော်မူလျှင် အကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ညီကို စောင့်ရသော သူဖြစ်ပါသလောဟု လျှောက်ဆို၏။ ၁၀ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ ပြုပြီးသနည်း။ သင်ညီအသွေး၏အသံသည် မြေထဲက ငါ့ကို အော်ဟစ်လျက်ရှိသည်တကား။ ၁၁သို့ဖြစ်၍သင့်ညီ၏ အသွေးကို ခံယူခြင်းငှါ၊ မိမိပစပ်ကိုဖွင့်သော မြေကြီး၏ ကျိန်ခြင်းကို သင်သည် ခံရသောကြောင့်၊ ၁၂ယခုမှစ၍ မြေ၌လုပ်သောအခါ ပကတိအတိုင်း အသီးအနှံကို မရရ။ မြေကြီးပေါ်မှ ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူ ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။ ၁၃ကာဣနကလည်း အကျွန်ုပ်အပြစ်သည် မဖြေနိုင်အောင် ကြီးပါသလော။ ၁၄အကျွန်ုပ်ကို မြေကြီးပြင်မှ ယနေ့နှင်ထုတ်တော်မူပြီ၊ မျက်နှာတော်ကိုလည်း မမြင်ရ။ မြေကြီးပေါ်မှာ ပြေးရသောသူ၊ အရပ်ရပ်လည်ရသော သူဖြစ်ပါရမည်။ တွေ့သမျှသော သူတို့သည် အကျွန်ုပ်ကို သတ်ပါလိမ့်မည် ဟု ထာဝရဘုရားကို လျှောက်ဆို၏။ ၁၅ထာဝရဘုရားကလည်း သို့ဖြစ်၍ ကာဣနကို သတ်သောသူမည်သည်ကား၊ ခုနစ်ဆသောအပြစ်ဒဏ်ကို ခံရလိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊ ကာဣနကိုတွေ့သောသူ တစုံတယောက်မျှ မသတ်စေခြင်းငှါ၊ ထာဝရဘုရားသည် သူ၌ အမှတ်ပေးတော်မူ၏။

၁၆ကာဣနသည် ထာဝရဘုရားထံတော်မှ ထွက်သွား၍၊ ဧဒင်ပြည် အရှေ့၊ နောဒပြည်တွင် နေလေ၏။ ၁၇ထိုအခါကာဣနသည် မိမိမယားနှင့် ဆက်ဆံသဖြင့်၊ သူသည် ပဋိသန္ဓေစွဲယူ၍၊ သားဧနောက်ကို ဘွားမြင်လေ၏။ ကာဣနသည်လည်း မြို့ကိုတည်၍မိမိသား၏ အမည်အလိုက်၊ ထိုမြို့ကို ဧနောက်မြို့ဟု သမုတ်လေ၏။ ၁၈ဧနောက်သားကား၊ ဣရဒ်၊ ဣရဒ်သားကား၊ မဟုယေလ၊ မဟုယေလသားကား၊ မသုရှလ၊ မသုရှလ သားကား၊ လာမက်တည်း။

၁၉လာမက်သည်၊ အာဒနှင့်ဇိလ အမည်ရှိသော မိန်းမနှစ်ယောက်နှင့် အိမ်ထောင်ဘက်ပြု၍၊ ၂၀အာဒသည် သားယာဗလကိုဘွားမြင်လေ၏။ ထိုသားကား၊ တဲ၌နေသောသူ၊ သိုးနွားစသည်တို့ကို မွေးသော သူတို့၏ အဘဆရာ ဖြစ်လေသတည်း။ ၂၁ယုဗလအမည်ရှိသော ညီမူကား၊ စောင်းမျိုး၊ နှဲခရာမျိုးတို့ကို တီးမှုတ်တတ်သောသူ အပေါင်းတို့၏ အဘဆရာဖြစ်လေသတည်း။ ၂၂ဇိလသည်လည်း၊ သားတုဗလကာဣနကို ဘွားမြင်လေ၏။ သူသည် ပန်းတဉ်းသမား၊ ပန်းပဲသမား အ ပေါင်းတို့၏ဆရာဖြစ်လေ၏။ တုဗလကာဣန၏နှမကား၊ နေမအမည်ရှိ၏။ ၂၃လာမက်ကလည်း အာဒနှင့်ဇိလ၊ ငါပြောသံကို မှတ်ကြလော့။ လာမက်မားတို့၊ ငါ့စကားကို နားထောင်ကြလော့။ ငါ့ကိုထိခိုက်သော လူတယောက်တည်းဟူသော၊ ငါ့ကိုညှဉ်းဆဲသောလူပျိုတယောက်ကို ငါသတ်ခဲ့ပြီ။ ၂၄ကာဣနသည် ခုနစ်ဆသောတရားကိုရလျှင်၊ အကယ်၍လာမက်သည်၊ အဆခုနှစ်ဆယ် ခုနစ်ဆသော တရားကို ရလိမ့်မည်ဟု မိမိမယားတို့ကိုပြောဆို၏။

၂၅အာဒံသည်လည်း မိမိမယားနှင့် တဖန်ဆက်ဆံပြန်လျှင်၊ မယားသည် သားကို ဘွားမြင်၍ ရှေသဟူသော အမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ ကာဣနသတ်သော အာဗေလကိုယ်စား တပါးသောအနွယ်ကို အကျွန်ုပ် အဘို့ ဘုရားသခင်၌ ခန့်ထားတော်မူပြီဟု ဆိုသတည်း။ ၂၆ရှေသသည်လည်း သားကိုရ၍ ဧနုတ်ဟူသော အမည်ဖြင့် မှည့်လေ၏။ ထိုကာလ၌ ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍ ကိုးကွယ်စ ပြုကြလေ၏၊

ကမ္ဘာဦးကျမ်း ၅

၁အာဒံ၏သားစဉ်မြေးစက် စာရင်းဟုမူကား၊ လူကို ဖန်ဆင်းတော်မူသော ကာလ၌၊ မိမိပုံသဏ္ဍာန်နှင့် အညီ၊ ဘုရားသခင် ဖန်ဆင်းတော်မူ၏။ ၂လူယောက်ျားလူမိန်းမကို ဖန်ဆင်း၍၊ ကောင်းကြီးပေးတော်မူ၏။ ဖန်ဆင်းသောနေ့၌လည်း သူတို့ကို အာဒံအမည်ဖြင့် မှည့်တော်မူ၏။

၃အာဒံသည် အသက်တရာ့သုံးဆယ်ရှိသော်၊ မိမိ ပုံသဏ္ဍာန်နှင့်အညီ သဏ္ဍာန်တည်းသားကိုမြင်ရ၍ ရှေသ အမည်ဖြင့် မှည့်လေ၏။ ၄ရှေသကို ဘွားမြင်သောနောက် အာဒံသည် အနှစ်ရှစ်ရာ အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။ ၅အာဒံသည် အသက်နှစ်ပေါင်း ကိုးရာသုံးဆယ် စေ့သော် သေလေ၏။

၆ရှေသသည် အသက်တရာငါးနှစ်ရှိသော်၊ သားဧနုတ်ကို မြင်လေ၏။ ၇ဧနုတ်ဘွားမြင်သောနောက်၊ ရှေသသည် အနှစ် ရှစ်ရာခုနှစ်နှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ ၏။ ၈ရှေလသည် အသက်နှစ်ပေါင်းကိုးရာ တဆယ်နှစ်နှစ်စေ့သော် သေလေ၏။

၉ဧနုတ်သည် အသက်ကိုးဆယ်ရှိသော်၊ သား ကာဣနန်ကို မြင်လေ၏။ ၁၀ကာဣနန်ဘွားမြင်သောနောက်၊ ဧနုတ်သည် အနှစ်ရှစ်ရာတဆယ်ငါးနှစ်အသက်ရှင်၍ သားသမီးများ ကို မြင်လေ၏။ ၁၁ဧနုတ်သည် အသက်နှစ်ပေါင်းကိုးရာငါးနှစ် စေ့သော်သေလေ၏။

၁၂ကာဣနန်သည် အသက်ခုနစ်ဆယ်ရှိသော်၊ သားမဟာလေလကို မြင်လေ၏။ ၁၃မဟာလေလဘွားမြင်သောနောက်၊ ကာဣနန်သည် အနှစ်ရှစ်ရာလေးဆယ်အသက်ရှင်၍၊ သားသမီး များကို မြင်လေ၏။ ၁၄ကာဣနန်သည် အသက်နှစ်ပေါင်းကိုးရာ တဆယ့်စေ့သော် သေလေ၏။

၁၅မဟာလေလသည် အသက်ခြောက်ဆယ့်ငါးနှစ် ရှိသော်၊ သားယာရက်ကို မြင်လေ၏။ ၁၆ယာရက်ဘွားမြင်သောနောက် မဟာလေလသည် အနှစ်ရှစ်ရာသုံးဆယ်အသက်ရှင်၍ သားသမီးများကို မြင်လေ၏။ ၁၇မဟာလေလသည် အသက်နှစ်ပေါင်းရှစ်ရာ ကိုးဆယ့်ငါးနှစ်စေ့သော် သေလေ၏၊

၁၈ယာရက်သည် အသက်တရာခြောက်ဆယ်နှစ်နှစ် ရှိသော် သားနောက်ကိုမြင်လေ၏။ ၁၉ဧနောက်ဘွားမြင်သောနောက် ယာရက်သည် အနှစ်ရှစ်ရာ အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။ ၂၀ယာရက်သည် အသက်နှစ်ပေါင်းကိုးရာ ခြောက်ဆယ်နှစ်နှစ်စေ့သော် သေလေ၏။

၂၁ဧနောက်သည် အသက်ခြောက်ဆယ်ငါးနှစ် ရှိသော် သားမသုရှလကို မြင်လေ၏။ ၂၂မသုရှလဘွားမြင်သောနောက် ဧနောက်သည် အနှစ်သုံးရာပတ်လုံး ဘုရားသခင်နှင့်အတူသွားလာ၍ သားသမီးများကို မြင်လေ၏။ ၂၃ဧနောက်အသက်နှစ်ပေါင်းသုံးရာ ခြောက်ဆယ် ငါးနှစ်တည်း၊ ၂၄ဧနောက်သည် ဘုရားသခင်နှင့်အတူ သွားလာ၏။ နောက်တဖန် သူသည်မရှိ အကြောင်းမူကား၊ ဘုရား သခင် သိမ်းယူတော်မူသောကြောင့်တည်း။

၂၅မသုရှလသည် အသက်တရာ့ရှစ်ဆယ်ခုနစ်နှစ် ရှိသော်၊ သား လာမက်ကို မြင်လေ၏။ ၂၆လာမက်ဘွားမြင်သောနောက်၊ မသုရှလသည် အနှစ်ခုနှစ်ရာ ရှစ်ဆယ်နှစ်နှစ်အသက်ရှင်၍ သားသမီး များကို မြင်လေ၏။ ၂၇မသုရှလသည် အသက်နှစ်ပေါင်းကိုးရာ ခြောက် ဆယ်ကိုးနှစ်စေ့သော် သေလေ၏။

၂၈လာမက်သည် အသက်တရားရှစ်ဆယ်နှစ်နှစ် ရှိသော် သားကို မြင်၍၊ ၂၉ဤသူသည်ကား၊ ထာဝရဘုရားကျိန်တော်မူသော မြေ၌လုပ်၍ ပင်ပန်းစွာ ခံရသောငါတို့အား သက်သာစေသောသူဖြစ်လိမ့်မည်ဟူ၍ သူ့ကိုနောဧ ဟူသော အမည်ဖြင့် မှည့်လေ၏။ ၃၀နောဧဘွားမြင်သောနောက်၊ လာမက်သည် အနှစ်ငါးရာကိုးဆယ်ငါးနှစ်အသက်ရှင်၍ သားသမီးများ ကို မြင်လေ၏။ ၃၁လာမက်သည် အသက်နှစ်ပေါင်း ခုနှစ်ရာ ခုနစ်ဆယ် ခုနစ်နှစ် စေ့သော်သေလေ၏။ ၃၂နောဧသည် အသက်ငါးရာရှိ၏။ နောဧ သားကား ၊ ရှေးမ၊ ဟာမ၊ ယာဖက်တည်း။

ကမ္ဘာဦးကျမ်း ၆

၁မြေကြီးမျက်နှာပေါ်မှာလူတို့သည် များပြား၍ သမီးများကိုလည်း ရကြသောအခါ၊ ၂ဘုရားသခင်၏သားတို့သည် လူသမီးတို့ လှကြောင်းကိုမြင်၍၊ ကိုယ်စိတ်ရှိသည်အတိုင်း စုံဘက်ကြ၏။ ၃ထာဝရဘုရားကလည်း ငါ့ဝိညာဉ်သည် လူတို့တွင် အစဉ်မဆုံးမရ။ အကြောင်းမူကား လူတို့သည် အသားဖြစ်၏။ သူ၏အသက်တန်းသည်လည်း၊ အနှစ်တရာနှစ်ဆယ်ဖြစ်စေဟု မိန့်တော်မူ၏။ ၄ထိုကာလ၌၊ မြေကြီးပေါ်မှာ ကိုယ်ကြီးမားသော သူအချို့ရှိကြ၏။ ထိုနောက်၌လည်း၊ ဘုရားသခင်၏ သားတို့သည်၊ လူသမီးတို့နှင့် ဆက်ဆံ၍ ရသောသားတို့သည်၊ အားကြီးသောသူ၊ ရှေးကာလမှစ၍၊ ကျော်စောသောသူ ဖြစ်ကြ၏။

၅မြေကြီးပေါ်မှာ လူအပြစ်ကြီး၍၊ သူ၏ စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ် ခြင်းသက်သက်ရှိကြောင်းကို၊ ဘုရားသခင် သိမြင်တော်မူလျှင်၊ ၆မြေကြီးပေါ်မှာ လူကို ဖန်ဆင်းတော်မူသည်ကို နောက်တရ၍၊ နှလုံးတော်ပူပန်လျက် ရှိတော်မူ၏။ ၇ထာဝရဘုရားကလည်း၊ ငါဖန်ဆင်းသော လူကို၎င်း၊ လူမှစ၍ သားများ၊ တွားတတ်သော တိရစ္ဆာန်များ၊ မိုဃ်းကောင်းကင်ငှက်များတို့ကို၎င်း မြေကြီးမျက်နှာမှာ ငါသုတ်သင်ပယ်ရှင်းမည်။ သူတို့ကို ဖန်ဆင်းသော ကြောင့် ငါနောင်တရသည်ဟု မိန့်တော်မူ၏။ ၈နောဧမူကား၊ ထာဝရဘုရားစိတ်တော်နှင့် တွေ့သောသူဖြစ်သတည်း။

၉နောဧအတ္ထုပ္ပတ္တိဟူမူကား၊ နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့်အတူသွားလာ၏။ ၁၀နောဧသည် ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော သားသုံးယောက်ကို မြင်လေ၏။ ၁၁ထိုအခါ မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။ ၁၂ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောခါ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။

၁၃ထိုအခါ ဘုရားသခင်သည်၊ နောဧအား မိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့် တကွ သူတို့ကို ငါဖျက်ဆီးမည်။ ၁၄ဂေါဖရသစ်သားဖြင့် သင်္ဘောကို ကိုယ်ဘို့ တည်လုပ်လော့။ အထဲ၌လည်း အခန်းများကို လုပ်လော့။ အတွင်း၊ ပြင်၊ ပတ်လည်ကို ထင်းရူးစေးနှင့်သုတ်လော့။ ၁၅လုပ်ရမည်ပုံ ဟူမူကား၊ သင်္ဘောအလျားအတောင်သုံးရာ၊ အနံအတောင်ငါးဆယ်၊ အမြင့် အတောင်သုံးဆယ်ရှိစေရမည်။ ၁၆အပေါ်၌သည်အမိုးကိုလုပ်ရမည်။ ထိုအမိုး အပေါ်အလယ်ချက်၌၊ ထိပ်အုပ်အနံတတောင်အကျယ် ရှိစေရမည်။ သင်္ဘောနံတဘက်၌လည်း တံခါးကို လုပ်ရမည်။ အောက်ဆင့်၊ အလယ်ဆင့်၊ အပေါ်ဆင့်ဟူ၍၊ သုံးဆင့်ကိုလည်း ရှိစေရမည်။ ၁၇အသက်ရှင်သော သတ္တဝါ အပေါင်းတို့ကို၊ ကောင်းကင်အောက်မှ ငါ့ကိုယ်တိုင် ပယ်ရှင်ခြင်းငှါ၊ မြေကြီးကို ရေလွှမ်းမိုးစေသဖြင့်၊ မြေပေါ်မှာ ရှိသမျှတို့သည် သေကြရမည်။ ၁၈သင်၌မူကား၊ ငါ့ပဋိညာဉ်ကို ငါတည်စေမည်။ သင်သည် သား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘော ထဲသို့ ဝင်ရမည်။ ၁၉အသက်ရှင်သော တိရစ္ဆာန်အမျိုးမျိုးထဲက၊ အထီးအမ၊ အစုံတို့ကိုယူ၍၊ သင်နှင့်အတူ အသက် ချမ်းသာစေခြင်းငှါ၊ သင်္ဘောထဲသို့ သွင်းရမည်။ ၂၀ငှက်လည်းအမျိုးအလိုက်၊ သားလည်း အမျိုးအလိုက်၊ တွားတက်သော တိရစ္ဆာန်အပေါင်းလည်း အမျိုးအလိုက်၊ အထီးအမ၊ အစုံတို့သည် အသက်ချမ်းသာ စေခြင်းငှါ၊ သင့်ထံသို့ လာကြလိမ့်မည်။ ၂၁ကိုယ်စားစရာအဘို့၊ တိရစ္ဆာန်တို့စားစရာအဘို့၊ စားအပ်သော အစာအမျိုးမျိုးကို ယူ၍ သိုထားရမည်ဟု၊ ဘုရားသခင် မှာထားတော်မူ၏။ ၂၂မှာထားတော်မူသည်အတိုင်းလည်း နောဧ ပြုလေ၏။